မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရာ၌ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဝင်ငွေရရှိရာ၌ ဖြစ်စေ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအရ အခွန်ပေးဆောင်ရန် တာဝန်ရှိပါသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် အခွန်အမျိုးအစားများကို ကောင်းစွာနားလည်ထားရန် လိုအပ်လှပါသည်။ ဒါကြောင့် မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ကောက်ခံသော အခွန်အမျိုးအစားများကို သိရှိထားနိုင်စေရန် MyanTax Financial Consulting မှ မျှဝေပေးလိုက်ပါတယ်။
၁။ ဝင်ငွေခွန် (Income Tax)
ဝင်ငွေခွန်သည် နိုင်ငံသား၊ နိုင်ငံခြားသား၊ ကုမ္ပဏီနှင့် လုပ်ငန်းများ၏ ဝင်ငွေ သို့မဟုတ် အမြတ်အစွန်းအပေါ် ကောက်ခံသော အခွန်အမျိုးအစား ဖြစ်ပါသည်။ ၎င်းကို အဓိကအားဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်း ဝင်ငွေခွန် (Personal Income Tax) နှင့် ကော်ပိုရိတ်ဝင်ငွေခွန် (Corporate Income Tax) ဆိုပြီး (၂) ပိုင်းခွဲခြားထားပါတယ်။
၂။ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax – CT)
ကုန်သွယ်လုပ်ငန်းခွန်သည် မြန်မာနိုင်ငံတွင် ကုန်စည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သွင်းကုန်များ၊ နှင့် ဝန်ဆောင်မှုပေးခြင်းများအပေါ် ကောက်ခံသော အခွန်အမျိုးအစား ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်အခွန် (Value Added Tax – VAT) စနစ်အစား ကုန်သွယ်လုပ်ငန်းခွန်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။
၃။ အထူးကုန်စည်ခွန် (Special Goods Tax – SGT)
အထူးကုန်စည်ခွန်သည် သတ်မှတ်ထားသော ကုန်ပစ္စည်းအမျိုးအစားများအပေါ် ကုန်သွယ်လုပ်ငန်းခွန်အစား သီးခြားကောက်ခံသော အခွန်ဖြစ်သည်။
၄။ တံဆိပ်ခေါင်းခွန် (Stamp Duty)
တံဆိပ်ခေါင်းခွန်သည် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း၊ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် အခြားတရားဝင် မှတ်တမ်းများ ပြုလုပ်ခြင်းတို့အပေါ် ကောက်ခံသော အခွန်ဖြစ်သည်။
၅။ ချုပ်ကိုင်ထားသောအခွန် (Withholding Tax – WHT)
ချုပ်ကိုင်ထားသောအခွန်သည် ငွေပေးချေမှု ပြုလုပ်သူ (ပေးချေသူ) က ရငွေရရှိသူ (လက်ခံသူ) ကို ငွေမပေးမီ သတ်မှတ်နှုန်းထားအတိုင်း အခွန်နုတ်ယူပြီး ကျန်ငွေကို ပေးချေကာ နုတ်ယူထားသော အခွန်ငွေကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရသည့် အခွန်အမျိုးအစား ဖြစ်သည်။
၆။ အရင်းအနှီးမှ ရရှိသော အမြတ်အပေါ် အခွန် (Capital Gains Tax – CGT)
အရင်းအနှီးမှ ရရှိသော အမြတ်အပေါ် အခွန်သည် ပစ္စည်းတစ်ခုကို ရောင်းချရာမှ ရရှိသည့် အမြတ်အစွန်းအပေါ် ကောက်ခံသော အခွန်ဖြစ်သည်။
အခွန်ဆိုင်ရာ ကိစ္စရပ်များသည် ရှုပ်ထွေးနိုင်ပြီး မကြာခဏ ပြောင်းလဲမှုများလဲ ရှိတတ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သော အခွန်အတိုင်ပင်ခံ၊ စာရင်းကိုင် သို့မဟုတ် ဥပဒေပညာရှင်များ နှင့် တိုင်ပင်ဆွေးနွေးပြီး အကူအညီရယူခြင်းသည် အကောင်းဆုံး ဖြစ်ပါတယ်။
၎င်းတို့က သင့်လုပ်ငန်းနှင့် သင့်တော်သည့် အခွန်ဆိုင်ရာ အကြံဉာဏ်များ ပေးနိုင်ပြီး အခွန်ပြန်တမ်းများ တင်သွင်းရာတွင်လည်း ကူညီပေးနိုင်ပါတယ်။